Tuesday, March 22, 2011

'မောင့်လပြည့်ဝန်း' 2011

'မောင့်လပြည့်ဝန်း'ကို ကိုယ်တိုင်ဆိုပြီး ပြန်အသက်သွင်းမယ့် တေးရေး ကိုနေ၀င်း

နွမ်ဘွိုင်း
မြန်မာတိုင်းမ် - အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)


တေးရေးကိုနေ၀င်းကို နေအိမ်တွင် အေးအေးလူလူ ဂစ်တာတီးခတ် နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ခရစ္စတိုဖာ


"ဒီတစ်ညမှာ မြင်ရခဲတဲ့ ... မောင့်လပြည့်ဝန်း...သာလွန်းတဲ့ အရင်ည
က ... မောင့်လပြည့်ဝန်း၊အမှောင်ညကိုစွန့်သွားခဲ့ ...မောင့်လပြည့်ဝန်း"
အဓိပ္ပာယ်ပြည့်ဝလွန်းလှတဲ့ တေးရေးကိုနေ၀င်းရဲ့ ဒီ'မောင့်လပြည့်ဝန်း' သီချင်းလေးက တေးချစ်သူတွေအကြား မှာ ရေပန်းစားသလို တေးရေး ဆရာက လည်း ဒီသီချင်းလေးက သူ့ရဲ့ အကောင်းဆုံးလက်ရာပါလို့ ဆိုပါတယ်။

ချစ်သူက စွန့်ပစ်သွားပေမယ့် အမြဲ သစ္စာရှိနေတဲ့ ယောက်ျားတစ်ဦးရဲ့ အလွမ်းကို ဖွဲ့ဆိုထားတဲ့ သီချင်းလေး ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ခံစားချက် လည်း ဖြစ်တယ်လို့ ကိုနေ၀င်းက အပြုံးနဲ့ ဆိုပါတယ်။

"ဒီသီချင်းကို ၁၉၇၄ ခုနှစ်တုန်းက စရေးခဲ့တာ။ အပြီးသတ်ကိုတော့ နောက်တစ်နှစ် မန္တလေး တက္ကသိုလ်ဝင်း မှာ သွားနေတော့မှ အပြီး သတ်နိုင်ခဲ့ တယ်။ အဲဒီအချိန်ကတည်းက စိုင်းထီး ဆိုင်တို့နဲ့အတူ မိန်းကလေးအဆောင်ရှေ့တွေမှာ သွားသွားဆိုတော့ သူတို့က လည်း ကြိုက်ကြတယ်"လို့'မောင့်လပြည့်ဝန်းနဲ့ပတ်သက်တဲ့ အမှတ်တရတချို့ ကို ပြန်ပြောင်းပြောပြပါတယ်။

'မောင့်လပြည့်ဝန်း'အပြင် 'အားလုံး ကို ကျော်ဖြတ်ရမယ်'၊ 'မောင်ငိုမယ်
မိုးသည်းထဲမှာ'၊ 'အဆင်သင့်ပဲဟေ့'၊ 'ရင်ကိုအေးမြစေသား'၊ 'မခြွေထိုက်တဲ့ ပန်း' စတဲ့ သီချင်းကောင်းများစွာနဲ့ နာမည်ကျော်လူသိများ ခဲ့တဲ့ တေးရေးကိုနေ၀င်းဟာ ခုဆိုရင် အသက် ၆၀ ပြည့်ခဲ့ပြီ။ ဒါပေမယ့်လည်း သူ့သီချင်း တွေကတော့ ယနေ့တိုင် ပရိသတ်တွေရင်ထဲ မှာ စွဲငြိနေဆဲ။

အောင်မြင်တဲ့တေးရေးဆရာအဖြစ် ကိုယ်ပိုင်သံစဉ်အပုဒ် ၃၀၀ ကျော်နဲ့ ကော်ပီသီချင်းအပုဒ် ၂၀၀ ကျော် ရေးသားခဲ့တဲ့သူ့ရဲ့တေးရေး ဘ၀ကို အစပြုခဲ့တဲ့ သီချင်းလေးကတော့ 'ချိုသဲ က ပြုံးနေလို့' ဆိုတဲ့သီချင်းလေးပါတဲ့။

"ကျွန်တော် အဲဒီသီချင်းကို စရေးဖြစ် တုန်းက အသက် ၁၅ နှစ် အရွယ်လောက်ပဲရှိသေးတယ်။ ပထမဆုံးရေးဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းဆိုတော့ စာသားတွေကို Beatles ရဲ့ "Because"သီချင်းစာသားတွေကို ဘာသာပြန်ပြီးကိုယ့်စာသားတချို့နဲ့ ရောလိုက်တယ်" လို့ သူ့ရဲ့ပထမဆုံးရေးဖြစ်တဲ့ အတွေ့ အကြုံကို ပြောပါတယ်။

"ပထမဆုံးရေးတဲ့သီချင်းလည်းဖြစ်၊ အသက်ကလည်း ငယ်သေးတော့ အဲဒီ သီချင်းက အရမ်းရိုးလွန်းအားကြီးပြီး ကလေးဆန်နေ တာပေါ့" လို့လည်း လူကြီးပိုင်းအရွယ်တစ်ဦးအနေနဲ့ သူ့ သီချင်းအပေါ် သုံးသပ်ပါတယ်။

ကိုယ်ပိုင်သံစဉ်၊ ကော်ပီသီချင်းတွေ နဲ့ နာမည်ရနေပေမယ့်လည်း အခုဆိုရင် ကော်ပီတေးသီချင်းတွေကို မရေးဖြစ်တာ နှစ်အစိတ် ကျော်ပြီလို့လည်း ဆိုပါတယ်။

"ကိုယ်ပိုင်သံစဉ်အရေးများလာတော့ ကော်ပီရေးချင်စိတ် နည်းသွားတာလည်းပါတယ်။ ပြီးတော့ နာမည်ဘယ်လောက်ပဲရရ စိတ်ထဲမှာ မလုံဘူး။ အဲဒါကြောင့် ပိုင်ရှင်ဆီကခွင့်ပြုချက်ရပြီး ရေးဖို့အခွင့် အရေးရှိမှပဲ ရေးတော့မယ်လို့ ဆုံးဖြတ် လိုက်တာ" လို့ သူ့ရဲ့ခံယူချက် ကို ပြောပါတယ်။
၃၆ နှစ်တာကာလ သီချင်းတွေရေးခဲ့ တဲ့အချိန်အတွင်း ကော်ပီသီချင်းတွေကို ရပ်တည်မှုတစ်ခုအတွက် ရေးဖြစ်ခဲ့တာ ပါလို့ဝန်ခံပြီး အဲဒီလို ကော်ပီရေးအတတ် ပညာကို ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်ကနေ ရန်ကုန်ရောက်လာမှ တတ်လာခဲ့ရတာလို့လည်း ပြောပါတယ်။

"အရင်တုန်းကတော့ ကော်ပီသီချင်း တွေရေးရင်လည်း သီချင်းတစ်ပုဒ်လုံးကို ကျေညက်နေအောင် ရပြီးမှ စာသားအတွက် စစဉ်းစား တယ်။ ဒါပေမယ့် ရန်ကုန်က တေးရေးဆရာတွေ ရေးတဲ့ ပုံစံက ကက်ဆက်ကိုဖွင့်လိုက်၊ တစ် ကြောင်းရေးလိုက်နဲ့ တစ်ပုဒ်လုံး ကျေ ညက်စရာမလိုဘူး။ အဲဒါမှလည်း အချိန်မစားဘဲ အဆင်ပြေတာ။ ကျွန်တော် အရင်သုံးခဲ့တဲ့ နည်းကျတော့ အချိန် အရမ်းပေးရတော့ ရပ်တည်မှုအတွက် လုပ်ရတဲ့အခါ အဆင်မပြေတော့ဘူး"လို့ သူက ဆိုပါတယ်။

ဒီလိုအချိန်တိုအတွင်းမှာ ဘ၀ရပ် တည်မှုအတွက် သီချင်းတွေကို ဖန်တီး ပြီးရေးရတော့ အဆင်ပြေတဲ့စာသား၊ ရုတ်တရက် ခေါင်းထဲ ရောက်လာတဲ့ စာသားတွေကိုပဲ ထည့်ရေးရတာဖြစ်လို့ အေးအေးဆေးဆေး အချိန်ပေးရေးခဲ့တဲ့ သီချင်းတွေကပဲ ရေရှည်ကျန်ခဲ့တယ် လို့ သုံးသပ်ပြခဲ့ပါတယ်။
"ကိုယ်ပိုင်သံစဉ်တွေကျတော့ ကိုယ်တစ်ယောက်တည်းရဲ့လက်ရာဆိုတော့ သံစဉ်နဲ့စာသားကို စိတ်တိုင်းကျ ဖန်တီး လို့ရတယ်။ ပြီး တော့ တန်ဖိုးချင်းလည်းကွာတယ်" လို့လည်း ဆိုပါတယ်။

ကိုနေ၀င်းဟာ တေးရေးအပြင် အဆိုဘက်မှာလည်း ပါရမီထူးသူပါ။ ဒါကြောင့် ၁၉၇၆ ခုနှစ်မှာ 'အားလုံးကိုကျော်ဖြတ်ရမယ်'၊ ၁၉၈၅ ခုနှစ်မှာ 'ယာဉ်အမီ ရီရီပြုံးပြန်ပါ'၊ ၁၉၈၉ ခုနှစ်မှာ ခင်မောင်တိုး၊ စိုင်းထီးဆိုင်တို့နဲ့အတူ 'မိုးသောက်ခဲ့ပြီ'၊ ၁၉၉၁ ခုနှစ်မှာ 'ယိမ်းနွဲ့တဲ့ လှိုင်း' အစရှိတဲ့ တေးစီးရီးတွေကို သီဆိုဖြန့်ချိခဲ့ပြီး အခု ၂၀၁၁ ခုနှစ်အတွင်းမှာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကသွင်းထား ခဲ့တဲ့တေးသီချင်းသစ်ကိုးပုဒ်နဲ့ 'မောင့်လပြည့်ဝန်း'ကိုversion အနည်းငယ် ပြောင်းပြီးပြန်ဆိုထားတဲ့ 'ဆောင်းသို့လွမ်းချင်း' တေးစီးရီး ကိုလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

http://www.myanmar.mmtimes.com/2011/timeout/510/time01.html

No comments:

Post a Comment