“မောင့်လပြည့်ဝန်း”ကို မူရင်းပိုင်ရှင်က သီဆို ထုတ်ဝေရန် အသင့်ဖြစ်နေပြီ
မိုးမခအထောက်တော် အမှတ် ၁၀၁
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀
ကိုနေ၀င်း နှင့် ဂီတရောင်းရင်းတဦးဖြစ်သူ ဆလိုင်းဇာလျန်း (ဓာတ်ပုံ - အလင်းတန်းဂျာနယ်)
မိုးမခအထောက်တော် အမှတ် ၁၀၁
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀

သီချင်းရေးဆရာ ကိုနေ၀င်းက သူရေးသားခဲ့သည့် နာမည်ကျော် သီချင်း “မောင့်လပြည့်ဝန်း”ကို သီဆိုအသံသွင်းပြီး ထုတ်ဝေရန် အသင့်ဖြစ်နေပြီဟု ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် 7DAY ဂျာနယ်တွင် ရေးသားထားသည်။
ထုတ်ဝေမည့် စီးရီးကို ဆောင်းသို့လွမ်းချင်း ဟု အမည်ပေးထားပြီး သီိချင်းသစ် ၉ ပုဒ်လည်း ပါဝင်မည်ဟု ဆိုသည်။ သို့သော်လည်း မည်သည့် ကုမ္ပဏီက မည်သည့်အချိန်တွင် ထုတ်ဝေမည် ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။
“မောင့်လပြည့်ဝန်း” သည် ကွယ်လွန်သူ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့သည့် သီချင်းဖြစ်သည်၊ ထိုသီချင်းကို ကိုနေ၀င်းက ၁၉၇၃ ခုနှစ်ခန့်တွင် ရေးဖွဲ့ခဲ့ပြီး နောက် ၂ နှစ်အကြာတွင် စိုင်းထီးဆိုင်၏ စိတ္တဇအလွမ်း သီချင်းခွေတွင် စတင် ထည့်သွင်းခဲ့သည်ဟု 7DAY က ဆိုသည်။
ကိုနေ၀င်းသည် သီချင်းပုဒ်ရေ ၅၀၀ ခန့် ရေးဖွဲ့ခဲ့သူဖြစ်သည်၊ ထိုအထဲတွင် မောင်ငိုမယ် မိုးသဲထဲမှာ ကဲ့သို့သော ကော်ပီသီချင်းများလည်း ပါဝင်သည်။
အသက် ၆၀ ရှိပြီဖြစ်သော ကိုနေ၀င်းသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မွေးဖွားသော ရှမ်းပြည်နယ် နမ္မတူမြို့နယ်သားဖြစ်သည်ဟု 7DAY တွင် ရေးသားထားသည်။ မိဘများမှာ ဦးကိုကိုလေး ဒေါ်ခင်လှမြင့်တို့ ဖြစ်သည်။
၁၀ တန်းအောင်မြင်သည့်အခါ တက္ကသိုလ်မတက်ဘဲ ဂီတလုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။
“ဂီတအလုပ်ကို ဘွဲ့ရပြီးမှ လုပ်မယ် ဆိုရင် ကျွန်တော့်အတွက် နောက်ကျသွားပြီ။ အဲဒီတော့ တစ်ခါတည်းပဲ ဒီအလုပ်ကို လုပ်တော့မယ် ဆိုပြီး လုပ်ဖြစ်ခဲ့တာ” ဟု ကိုနေ၀င်းက 7DAYကို ပြောသည်။
ကိုနေ၀င်းသည် စိုးပိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ခင်ဝမ်း၊ မွန်းအောင်၊ ဖိုးချို၊ မေဆွိ၊ မီမီဝင်းဖေ တို့အတွက် သီချင်းများ ရေးဖွဲ့ပေးခဲ့သည်။
“မိုးမခပင်တွေ တို့သက်သေတည် စိမ်းယဉ်သော အေးမြကန်သာမြေ၊ ရိုးမတောင်ခြေ ရင်ဝယ်အလှသစ္စာတည် ငြိမ်းအေးစေ” စသည့် ၀ါကျ ပါဝင်သော “လွန်ခဲ့သောနေ့” သီချင်းသည် “လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်စဉ် မိုင်းရယ်မြို့လေး၌ နေထိုင်ရင်း ငြိမ်းချမ်းရေးကို မက်မော တောင့်တကာ မိုးရယ်မြို့အ၀င်ရှိ မိုးမခ အပင်ကြီးများအား သက်သေပြု၍” ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။
http://moemaka.blogspot.com/2010/02/ko-nay-win-wants-to-release-new-album.html

No comments:
Post a Comment